ဓမ္မဒူတ အရှင်ဆေကိန္ဒအလောင်းအလျာကို စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက် ခမည်းတော် ဦးအောင်သန်း+ မယ်တော်ဒေါ်စိန်ကြည်တို့က ကောဇာသက္ကရာဇ် ၁၃၁၉-ခုနှစ်၊ တပို့တွဲလဆန်း (၉)ရက်၊ (28-1-1958) အင်္ဂါနေ့၌ မီးရှူးသန့်စင်ဖွားမြင်တော်မူခဲ့ပါသည်။
၁၉၇၅-ခုနှစ်၌ စစ်ကိုင်းမြို့ အမှတ်(၁) အထက်တန်းကျောင်းမှ ၁၀-တန်းကို အောင်မြင်ခဲ့ပြီး ၁၉၇၉-ခုနှစ်၌ မန္တလေးမြို့ စက်မှုလက်မှုသိပ္ပံ၏ A.G.T.I (civil) မြို့ပြအင်ဂျင်နီယာ ဒီပလိုမာဘွဲ့ကို ရရှိအောင်မြင်ခဲ့ပါသည်။
၁၉၈၃-ခုနှစ်၌ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်း ဓမ္မဒူတတောရ ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရှင်ရဟန်း အဖြစ်ကိုယူခဲ့ပါသည်။အရှင်မြတ်သည် တောင်စွန်း ဓမ္မဒူတတောရကျောင်းတိုက်ကြီး၌ပင် ပရိယတ္တိ စာပေတို့ကို မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းတို့ကို နှစ်ချင်းပေါက် အောင်မြင်တော်မူခဲ့ပြီး ၁၉၉၃-ခုနှစ်တွင် စာချတန်း၌ကျမ်း ရင်းသုံးကျမ်းစလုံးကို တစ်နှစ်တည်း ဖြင့်ပင် အောင်မြင်တော်မူခဲ့၍ အစိုးရသာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်ကို ရရှိတော်မူခဲ့ပါသည်။ သဒ္ဓမ္မနေပုညဓမ္မာစရိယဘွဲ့နှင့် သာသန ဇောတိပါလဓမ္မာစရိယဘွဲ့တို့ကိုလည်း ရရှိတော်မူခဲ့ပြန်ပါသည်။
ထို့ပြင် နိုင်ငံတော် အစိုးရမှဆက်ကပ်သော မဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ M.A (Buddhism) နှင့် Ph.D ဘွဲ့တို့ ကိုလည်းရရှိခဲ့ပါသည်။ ပရိယတ္တိစာပေများကို တောင်စွန်း ဓမ္မဒူတတောရ၊ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်၊ မန္တလေးမြို့ မစိုးရိမ်တိုက်၊ စစ်ကိုင်းမြို့ ဇေယျသိန်ပါဠိတက္ကသိုလ်၊ စစ်ကိုင်းမြို့ သုဗောဓာရုံ စာသင်တိုက်စသော ကျောင်တိုက်တို့ရှိ ဆရာမြတ်တို့၏ အထံတော်မှ နည်းနာခံယူ သင်ယူခဲ့ပါသည်။

