လူ့ဘောင်အဖွဲ့အစည်းတစ်ခုလို့ပဲဆိုဆို၊ မိသားစုတစ်ခုလိုပဲပြောပြော၊ စုပေါင်းပြီးနေထိုင်ကြတဲ့ လူ့အသိုင်းအ၀ိုင်း လူ့ပတ် ၀န်းကျင်တစ်ခုလုံးဟာ အမှားနည်းနည်းနဲ့ အမှန်တရားဘက်ကို၊ အဆိုးနည်းနည်းနဲ့ အကောင်းတရားဘက်ကို၊ ရွေ့လျား သွားနေဖို့အတွက် အဓိကတွန်းအားကြီးနှစ်ခု လိုအပ်မယ်လို့ထင်ပါတယ်။အဲ့ဒါကတော့ အတွေးအခေါ်နဲ့ အတွေ့အကြုံပါ။ အတွေးအခေါ်လို့ပြောတဲ့ အသိဉာဏ်ပညာရပ်ပိုင်းဆိုင်ရာလည်း အရေးကြီးတဲ့အချက်တစ်ခုအနေနဲ့ လိုအပ်သလို၊ အတွေ့ အကြုံလို့ဆိုတဲ့ မှားခဲ့ပြီ၊ မှန်ခဲ့ပြီ ကောင်းခဲ့ပြီး၊ ဆိုးခဲ့ပြီးတဲ့အရာတွေကို မှတ်သိနားလည်ထားတဲ့ ဘ၀အရင်းအနှီးသင်ခန်းစာ လည်း၊ အထူးပဲအရေးတကြီးလိုအပ်ပါတယ်။ လူတစ်ဦးတစ်ယောက်ရဲ့ အတွေးအခေါ်ပိုင်းဆိုင် ရာ အားကောင်းမြင့်မားမှုနဲ့ အတွေ့အကြုံရင့်ကျက်မှုတို့အပေါ်မှာမူတည်ပြီး၊ လမ်းကောင်းလမ်းမှန်ဘက်မှာ အရှိန်အဟုန်နဲ့တိုးတက်မှုတွေ ဖြစ်ပေါ်လာ နိုင်ပါတယ်။
လူတစ်ဦးတစ်ယောက်နဲ့ အတွေးအခေါ်နဲ့ အတွေ့အကြုံဟာ ထိုက်သင့်တဲ့ အချိုးအစား၊ ညီမျှတဲ့အရည်အချင်းတွေရှိဖို့က အထူးပဲ လိုအပ်လှပါတယ်။ လူတစ်ဦးတစ်ယောက်ရဲ့ အောင်မြင်တိုးတက်မှု လျင်မြန်နှုန်းဟာ အဲ့ဒိအတွေးအခေါ်နဲ့ အချိုး ညီမျှမှုပေါ်မှာ လုံးဝကိုမူတည်ပါတယ်။ ဒီလိုပါပဲ ... မိသားစုတစ်စုရဲ့ အောင်မြင်တိုးတက်မှုလျင်မြန်နှုန်းဟာ အတွေးအခေါ်နဲ့ အတွေ့အကြုံတွေရဲ့ အချိုးကျညီမှုပေါ်မှာ မူတည်နေတာကိုလည်း တွေ့မြင်နိုင်ပါတယ်။ ယေဘုယျအားဖြင့်လို့ပဲပြောရမလား၊ မိဘတွေရဲ့ အရည်အချင်းတစ်ခုက သားသမီးတွေထက် အတွေ့အကြုံရင့်ကျက်မှုက ပိုပြီးအားကောင်းနေတာပါပဲ။ သား သမီးတွေရဲ့ အတွေ့အကြုံကတော့ နုနယ်သေးတာပေါ့။ အတွေးအခေါ် ပိုင်းဆိုင်ရာမှာတော့ ဒီခေတ်ဒီအခါ ဒီအခြေအနေတွေမှာ သားသမီးတွေဟာ ခေတ်နဲ့ရင်ဘောင်တန်းပြီး လျှောက်လှမ်းနေကြတာ လက်တွေ့ပါပဲ။ မျက်တွေ့ အမြင်ပါပဲ။
ဒီခေတ်ဒီအခါဆိုတာကကို သူတို့ခေတ်သူတို့အခါဖြစ်နေတော့ ခေတ်နဲ့လျော်ညီတဲ့ အတွေးအခေါ်က သားသမီးတွေမှာ ပိုပြီးအားကောင်းတာပေါ့။ မိဘနဲ့ သားသမီးတွေအကြားမှာ ပြဿနာဆိုတာ လုံးဝမရှိပါဘူး။ ဒါဖြင့်ရင် ဘယ်လိုဖြစ်နေကြ တာလည်းဆိုတော့ မိဘရဲ့ အတွေ့အကြုံနဲ့ သားသမီးရဲ့ အတွေးအခေါ်မညီမျှမှုတွေဟာ ကွာဟချက်ရှိနေတာပါလို့ ပြောရမှာပါ။ မိဘကလည်း သားသမီးအပေါ်ဆက်ဆံရာမှာ မိမိရဲ့အတွေ့အကြုံပေါ်မူတည်ပြီး ပြောဆိုဆက်ဆံလေ့ရှိပါတယ်။ သား သမီးကလည်း ကိုယ့်အမြင်၊ ကိုယ့်အတွေးနဲ့ပဲ မိဘစကားကို တိုင်းတာလေ့ရှိပါတယ်။ ဒါကထုံးစံလို ဖြစ်နေတာပေါ့။ မိဘကလည်း သာသမီးရဲ့အတွေးအမြင်ကို အရေးမထား၊ ဂရုမစိုက်၊ သားသမီးကိုပဲ ကိုယ့်ရဲ့အတွေးအေခေါ်၊ ကိုယ့်ရဲ့သတ်မှတ် မှုဘောင်ထဲ အတင်းအမ္မထိုးသွင်းနေကြတော့ သားသမီးတွေဘက်မှာ မိဘကို မလေးစားတဲ့စိတ်တွေ ပေါ်လာတော့ တာပေါ့။
သားသမီးကလည်း မိဘရဲ့ အတွေ့အကြုံ ဘ၀လမ်းကြောင်းကို ခေတ်ဟောင်းကြီးက ဓာတ်ပြားတွေပါဆိုပြီး ကိုယ့်အတွေး၊ ကိုယ့်အထင်နဲ့ မိဘရဲ့အတွေ့အကြုံ ဇာတ်လမ်းဟောင်းတွေကနေ လွတ်ရာကိုသာစဉ်းစာ၊ လွဲရာကိုသာ တွေးခေါ်ပြီး ကိုယ့်လှေကိုယ်ထိုးချင်တဲ့စိတ်တွေ ပေါ်လာတော့တာပေါ့။ အတွေးအခေါ်ကပဲ လူ့ဘောင်အဖွဲ့အစည်းကို ဦးဆောင်နိုင်တယ်ဆိုတဲ့ အထင်နဲ့ သင်ခန်းစာတွေကို နားမလည်လက်မခံခဲ့ရင် တလွဲဆံပင်ကောင်း အတွေးအခေါ်တွေနဲ့ မတွေးဝံ့စရာတွေ ဖြစ်သွားနိုင်ပါတယ်။ အတွေ့အကြုံကပဲ လူ့ဘောင်အဖွဲ့အစည်းကို လမ်းတံတားသဖွယ်နင်းပြီး ဆက်လက်လျှောက်လှမ်းဖို့ ခိုင်ခိုင်မာမာအကူအညီပေးတယ်ဆိုပြီး မနက်နဲတဲ့အတွေး အခေါ်မပါခဲ့ရင်လည်း လမ်းလျှောက်ရင်း လမ်းပျောက်တတ်ပါတယ်။
ဒါကြောင့် မိဘနဲ့ သားသမီးကြားမှာ ပြဿနာဆိုတာ လုံးဝမရှိပါဘူး။ အတွေးအခေါ်နဲ့ အတွေ့အကြုံကွာဟချက်လေးသာ ရှိပါတယ်။ အတွေးးအခေါ်နဲ့ အတွေ့အကြုံ မှန်ကန်လိုက်လျောညီထွေ သဟဇာတဖြစ်ကြမယ်ဆိုရင် မိဘကသားသမီးကို၊ သားသမီးက မိဘကို၊ လူကြီးက လူငယ်ကို၊ လူငယ်က လူကြီးကို ဆက်ဆံကြရာမှာ ဘယ်လိုအခက်အခဲ အဖုအထစ်တွေမှ မပေါ်လာနိုင်ပဲ အားလုံးအဆင်ပြေနိုင်ပါတယ်။ မိသားစုလူ့ဘောင် အဖွဲ့အစည်းတွေသာမက တစ်ဦးချင်းစီ တစ်ယောက် ချင်းစီအတွက်လည်း ကိုယ့်အတွေ့အကြုံနဲ့ ကိုယ့်အတွေးအခေါ်ကို မျှမျှတတ သင့်တော်စွာ ညွှိစွမ်းနိုင်မယ်ဆိုရင် ဘ၀တစ် လျှောက်လုံးမှာ ဘာပြဿနာ ဘာအခက်အခဲမှ မဖြစ်ပေါ်လာနိုင်ဘူးဆိုတာ လက်ခံလာနိုင်ပါလိမ့်မယ်။
အတွေးအခေါ်နဲ့ အတွေ့အကြုံ ညီမျှနိုင်ကြပါစေ။ အမြင်လည်းရှင်း၊ စိတ်လည်းရှင်း၊ နှလုံးသွင်းမှန်ပါစေ။

