![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
ဓမ္မစာပေကဏ္ဍ
ဓမ္မစာအုပ်များ
ဘ၀သစ္စာ အဖြေရှာကဏ္ဍ (၉)
ဖြေ - ကောင်းကျိုးချမ်းသာရဖို့ တရားအားထုတ်တဲ့အခါ ထိုင်တဲ့ ဣရိယာပုတ် ကြာလရင် ညောင်းတတ်ပါတယ်။ ရပ်တဲ့၊ သွားတဲ့၊ လျောင်းတဲ့ ဣရိယာပုတ်တွေလည်း ကြာလာရင် ဒီအတိုင်းပဲ ညောင်းတတ်ပါတယ်။ ဒီကိုယ်ဆင်းရဲမှု ညောင်းတဲ့ အာရုံကို တွေ့ပြီး မရှုတတ်သေးတဲ့ သူတွေအတွက် သဘောမကျတဲ့ စိတ်ဆင်းရဲမှုဒေါသဖြစ်လာတယ်။ ဒေါသ အကုသိုလ်စိတ် ဖြစ်နေလို့ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်မပြောနဲ့ ၀ိပဿနာဥာဏ်ပင် မရနိုင်ပါဘူး။ ဆရာသမားများက မရွှေရ၊ မပြင်ရ၊ မလှုပ်ရစတဲ့ စကားတွေကြောင့် ညောင်းလို့လည်း စိတ်ညစ်၊ လှုပ်ရင်ပြောင်းရင် ဆူမှာကိုလည်း ကြောက်ရတဲ့ စိတ်နဲ့ မလှုပ်ဘဲ၊ မရွေ့ဘဲ နာလွန်းလို့ ပေတေ အောင့်အီးနေတဲ့အခါ ခံရခက်ပြီး ကိုယ်ရော စိတ်ပါ ဆင်းရဲနေပါတယ်။ ပေတေအောင့်ဆီးနေလို့ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲဖြစ်ရင် ဘာဥာဏ်ဘာအသိမှ မရနိုင်၊ မဖြစ်နိုင်တာကြောင့် တရားအားထုတ်ရာမှာ အပြစ်ဖြစ်တယ်လို့ ပြောရမှာပါ။ နာကျင်လွန်းလို့ မခံသာရင် အသိဥာဏ်နဲ့သတိကပ်ပြီး ပြောင်းရရွှေရပါတယ်။ အဲဒီလို ပြောင်းပြင် ရွှေ့ပေးလိုက်တဲ့အခါ ဒုက္ခဝေဒနာ ပြင်းထန်စွာ မဖြစ်ခြင်း။ တည်ကြည်မှု သမာဓိရခြင်း။ အားထုတ်ဆဲ ကမ္မဋ္ဌာန်းတရား တိုးပွားခြင်း။ တရားထူးရခြင်းဆိုတဲ့ အကျိုးလေးမျိုး ရနိုင်ပါတယ်။ နာကျင်ကိုက်ခဲလို့ စိတ်ဆင်းရဲ ဖြစ်နေတာကို သတိကပ်ပြီး မပြောင်းပြင်၊ မရွှေ့ပေးဘဲ နေရင် ဒုက္ခဝေဒနာ ပြင်းထန်စွာဖြစ်ခြင်း။ တည်ကြည်မှု သမာဓိ မရခြင်း။ အားထုတ်ဆဲ ကမ္မဋ္ဌာန်းတရား ပျက်ခြင်း။ တရားထူးမရခြင်းဆိုတဲ့ အပြစ်လေးမျိုး ဖြစ်ပါတယ်။ ဒီလိုဆိုတော့ ညောင်းတာနဲ့ ပြောင်းလိုက်၊ ပြင်လိုက် လိုက်ရမှာလာလိးု့ မေးစရာဖြစ်လာတယ်။ ညောင်းတာကို လိုချင်တဲ့ လောဘနဲ့သာ ပြောင်းရွှေ့မယ်ဆိုရင် သတိ၊ အသိဥာဏ်မပါတဲ့အတွက် အဲဒီလို ပြောင်းရွှေတာကိုလည်း မကောင်းဘူးလို့ ပြောရပါမယ်။ အထိုင်ကြာလို့၊ အမူအယာ တစ်မျိုးတည်း နေတာကြာလို့ နာကျင်ကိုက်ခဲ ညောင်းလွန်းတဲ့အခါ သတိအသိနဲ့ မရှုပွားဘဲ နာကျင်ကိုက်ခဲမှုကို ကုန်စေလိုလို့၊ ကျော်လွှားလိုလို့ ဆိုပြီး အတင်းအဓမ္မ ကျိတ်မှိတ်ပေတေအောင့်အီးပြီး ငြိမ်မခံသင့်ပါဘူး။ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ တိုးလို့ အပြစ်ပိုကြီးပါတယ်။ တချို့က အဲဒီလို ကြိတ်မှိတ်ပေတေပြီး နေတဲ့အခါ နာကျင်ကိုက်ခဲတာတွေ ကျော်သွား၊ လွန်သွား၊ ကုန်သွားတယ်လို့ ပြောကြတယ်။ တကယ်တမ်းကျတော့ နာကျင်ကိုက်ခဲလွန်းလို့ ထုံပြီး သွားတာပါ။ ထုံပျောက်ပြီး ပျောက်နေတာကို အဟုတ်မှတ်နေပြီးတော့ နေနေတတ်ကြတယ်။ တချို့ကျတော့လည်း ပေါ်လာတဲ့ အာရုံတစ်ခုခု နောက်ကို မှိန်းပြီး လိုက်နေတဲ့ မောဟ၊ လောဘ၊ ကိလေသာတွေနဲ့ မှိန်းထိုင် ထိုင်နေတတ်ကြပါတယ်။ မပြောင်းမရွှေ့ဘဲ ကြာကြာထိုင်နိုင်တယ်၊ ရပ်နိုင်တယ်ဆိုတာက တရားရတဲ့၊ အသိဥာဏ်တွေ တိုးပွားတဲ့ ၀ိပဿမာအလုပ်မှာ အဓိက မကျပါဘူး။ ဣရိယာပုတ် အမှုအယာအနေနဲ့ ပြောင်းပဲပြောင်းပြောင်း၊ မပြောင်းဘဲနေနေ၊ အသိဥာဏ်တိုးဖို့ ပြောင်းဆဲ ပြင်ဆဲမှာလည်း သတိ ၀ီရိယ၊ အသိဥာဏ်နဲ့ ထင်ရှားတဲ့ ရုပ်ဓာတ်၊ နာမ်ဓာတ်တွေကို ကြည့်နေရမယ်။ ငြိမ်နေတဲ့ အခါမှာလည်း အထင်အရှား ဖြစ်ပေါ်နေတဲ့ ကိုယ်နဲ့စပ်တဲ့ ရုပ်သဘော ဖောက်ပြန်မှု၊ စိတ်နဲ့ စပ်တဲ့ ရုပ်သဘော ဖောက်ပြန်မှု၊ စိတ်နဲ့ စပ်တဲ့ သိမှု၊ ညွှတ်မှု၊ စဉ်းစားတွေးခေါ်မှုသဘောတွေကို သိအောင် ကြည့်နေရမယ်။ အဲဒီလို ကြည့်နေနိုင်လို့ ထင်ရှားတဲ့ ပေါ်နေတဲ့ ဖြစ်တိုင်းဖြစ်တိုင်း အာရုံကိုသတိ၊ သအသိနဲ့ ကြည့်နေရင် အပြစ် မဖြစ်ပါဘူး။ ၀ိပဿနာ အလုပ်မှာ ဖြစ်တိုင်းဖြစ်တိုင်း အာရုံကို မကြည့်နိုင်ရင် အပြစ်ဖြစ်တယ်။
ဘ၀သစ္စာ အဖြေရှာကဏ္ဍ (၈)
ဖြေ - ချမ်းသာဆိုတာကို ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာလို့ သုံးမျိုး ခွဲခြားထားလိုက်ပါ။ ကိုယ်ဆင်းရဲမှု ဒုက္ခ၊ စိတ်ဆင်းရဲမှု ဒေါမနဿ တန်းလန်းနဲ့တော့ သစ္စာလေးပါးတရားကို ထိုးထွင်းပြီး မသိနိုင်ဘူး။ ကိုယ်ချမ်းသာမှု သုခ၊ စိတ်ချမ်းသာမှု သောမနဿနဲ့သာ သစ္စာလေးပါးတရားကို ထိုးထွင်းသိနိုင်တယ်။ နိဗ္ဗာန်ချမ်းသာကို ရနိုင်၊ ရောက်နိုင်။ မျက်မှောက်ပြုနိုင်တယ်လို့ ဘုရားရှင် မိန့်တော်မူတယ်။ သာမာန် ပုဂ္ဂိုလ်တွေအနေနဲ့ ကိုယ်ဆင်းရဲတာကို အကြောင်းပြုပြီး စိတ်ဆင်းရဲတတ်ကြတယ်။
စိတ်ဆင်းရဲတဲ့ အကုသိုလ် စိတ်နဲ့ နိဗ္ဗာန်ကို မမြင်နိုင်ဘူး။ ကိုယ်ချမ်းသာရင်တော့ စိတ်ချမ်းသာ ဖြစ်တတ်ကြတယ်။ စိတ်ချမ်းသာတဲ့ ကုသိုလ်စိတ်နဲ့ နိဗ္ဗာန်ချမ်းသာကို မြင်နိုင်တွေ့နိုင်တယ်။ ဒါ့ကြောင့် နိဗ္ဗာန်ချမ်းသာရလိုတဲ့ သူတွေဟာ ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာ ဖြစ်အောင်တော့ နေတတ်ရမယ်။ သတိပဋ္ဌာန်တရား လက်ကိုင်ထားပြီးလည်း နေတတ်ရမယ်။ သတိသမ္ပဇဉ် အသိဥာဏ်ယှဉ်တဲ့ စိတ်နဲ့လောကကို သဘောပေါက်နားလည်ပြီး ကိုယ်ချမ်းသာ စိတ်ချမ်းသာအောင် နေတတ်ရတယ်။ ရာသီဥတုအနေနဲ့ ပူလွန်းရင်၊ အေးလွန်းရင် ကိုယ်ဆင်းရဲမှုကို ဖြစ်စေတယ်။ ရာသီဥတု ဖောက်ပြန်မှု လွန်ကဲမှုနဲ့ တွေ့ကြုံရင် ပြုပြင်ပြီး ဥတုညီမျှအောင် နေတတ်ရတယ်။ ဒါမှ ကိုယ်ချမ်းသာတယ်။ အစားအသောက် ကိစ္စမှာလည်း မတည့်တာ မစားရဘူး၊ လွန်လွန်ကဲကဲလည်း မစားရဘူး။ သင့်တော်တဲ့ အစာကို မျှတရုံပဲ စားရတယ်။ ကျန်းမာရေးနဲ့ လျော်တာကို စားရတယ်။ ဒါမှလည်း ကိုယ်ချမ်းသာတယ်။ ကိုယ်ဆင်းရဲ အပင်ပန်းခံလွန်းတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း အတူသွား၊ အတူလာ၊ အတူနေ မနေသင့်ဘူး။ ဘာလို့လည်းဆိုရင် သူတို့နဲ့ အနေများပြီး သူတို့လုပ်တဲ့အလုပ်မျိုးကို သဘောကျ အဟုတ်ထင် အတုလိုက်ပြီးလုပ်ရင် ကိုယ်လည်းပဲ ဆင်းရဲပင်ပမ်းမှာပဲ။ သူတို့နဲ့လည်း ရှောင်ရမယ်။ ကိုယ်ကိုယ်တိုင်လည်း မစွမ်းနိုင်တဲ့ လွန်ကဲတဲ့ ကိုယ်အားထုတ်မှု၊ ပင်ပန်းခံမှု အလုပ်မျိုးကို ရှောင်ရတယ်။ နောက်တစ်ခု.. နေထိုင်နည်းက ပိုပြီး အရေးကြီးတယ်။ အထိုင်ကြာလို့ ဖြစ်ဖြစ်၊ အရပ်ကြာလို့ ဖြစ်ဖြစ် ဣရိယာပုတ် အမူအဟာ တစ်မျိုးတည်းနဲ့ အနေကြာရင် နာကျင်ကိုက်ခဲမှု ကိုယ်ရောဂါတွေ ပြင်းပြင်းထန်ထန် ဖြစ်လာတယ်။ ကိုယ်ဆင်းရဲ ပင်ပမ်းတယ်။ ကိုယ်ချမ်းသာဖို့အတွက် ဣရိယာပုတ် အမူအယာတွေကို သင့်တော်တဲ့အချိန်မှာ သင့်တော်သလို ပြောင်းပေး၊ ရွှေ့ပေး၊ ပြုပြင်ပေးရတယ်။ စိတ်ချမ်းသာအောင် နေဖို့ကတော့ မိမိရဲ့စိတ်ကို ကုသိုလ်စိတ်ဖြစ်အောင် နေပေးရမယ်။ ကုသိုလ်ဖြစ်မှ စိတ်ချမ်းသာတယ်။ ကုသိုလ်စိတ်ဖြစ်ရင် ကောင်းတဲ့အာရုံမှာ ကောင်းတဲ့ စိတ်ဖြစ်အောင် ထားနိုင်ရတယ်။ စိတ်ဆိုတာက အာရုံမကောင်းရင် စိတ်မကောင်းဖြစ်တတ်တယ်။ စိတ်ဆင်းရဲတယ်။ အာရုံကောင်းရင်တော့ စိတ်ကောင်း စိတ်ချမ်းသာမှုကို ရနိုင်တယ်။ ဒါ့ကြောင့် ကုသိုလ်စိတ်ကောင်းဖြစ်ဖို့ အာရုံကောင်းနဲ့ နေတတ်ရတယ်။ ဒါက တစ်နည်းပေါ့။ နောက်တစ်နည်းကတော့ အာရုံကောင်းကောင်း၊ မကောင်းကောင်း မိမိစိတ် ကောင်းနေဖို့ပဲ။ မိမိစိတ်ကောင်းဖို့ဆိုရင် စိတ်ထဲမှာ သတိ၊ ၀ီရိယ၊ အသိဥာဏ်တွေ အမြဲရှိနေရမယ်။ အာရုံကောင်းကိုသာ ရွေးမရှာပဲ စိတ်ကို ကောင်းအောင် ထားတဲ့ နည်းလို့ ခေါ်တယ်။ အာရုံရဲ့ သဘောကို အမှန်အတိုင်း သိအောင်ကြည့်နေနိုင်တဲ့ သတိဝရိယ အသိဥာဏ်ရှိနေရင် အမြဲတမ်း စိတ်ချမ်းသာမယ်။ စိတ်ချမ်းသာဖြစ်ဖို့ အာရုံကောင်းကို ပြောင်းပြီး ကြည့်နေနိုင်အောင် ကြိုးစားထားတာက သမထ ဘာဝနာ စိတ်။ စိတ်ကောင်း၊ စိတ်ချမ်းသာဖြစ်ဖို့ အာရုံကောင်းကောင်း၊ မကောင်းကောင်း၊ အာရုံကို မပြောင်းဘဲ ကိုယ့်စိတ်မှာသာ သတိ၊ အသိရှိနေအောင် ကြိုးစားနေတာက ၀ိပဿနာ ဘာဝနာစိတ်။ ဒီသဘောတွေဟာ ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာရဖို့ သိထားသင့်တဲ့ အခြေခံအကြောင်းတွေပါပဲ။
ဘ၀သစ္စာ အဖြေရှာကဏ္ဍ (၇)
ဖြေ - နိဗ္ဗာန်ကို ရောက်စေနိုင်တဲ့ မဂ္ဂင်တရား ဖြစ်စေတဲ့ အားထုတ်မှုကတော့ သတိပဋ္ဌာန်တရား အားထုတ်မှုပဲ ဖြစ်တယ်။ သတိပဋ္ဌာန်အားထုတ်တယ်ဆိုတာ သတိထားရတာ။ မိမိရဲ့ စိတ်ထဲမှာ သတိအမြဲ ရှိနေဖို့ အဓိကပါပဲ။ နားလည်အောင်ပြောရင် သိစရာမျိုးစုံ အာရုံတွေနဲ့ ဒီသိစရာ အာရုံတွေကို သိတတ်တဲ့ စိတ်ဆိုတာ (၂)မျိုးရှိတယ်။ သိတတ်တဲ့ စိတ်ဟာ ဘယ်လိုသိစရာ အာရုံကိုမဆို သိတတ်တယ်။ သတိမရှိတဲ့ စိတ်ဟာ မကောင်းတဲ့ အာရုံကို အရောက်များပြီး မကောင်းတဲ့ စိတ် ဖြစ်တတ်တယ်။ မကောင်းကျိုး ရတတ်တယ်။
သတိရှိတဲ့ စိတ်က ကောင်းတဲ့အာရုံကို အရောက်များပြီး ထားသလို နေတယ်။ ကောင်းတဲ့ စိတ်လည်း ဖြစ်တယ်။ ကောင်းကျိုးတွေလည်း ရနိုင်တယ်။ စိတ်ကို သတိရှိအောင်ထားရတဲ့ သတိပဋ္ဌာန်တရားဟာ တစ်မျိုးတည်း ဖြစ်ပေမယ့် သတိထားစရာ အာရုံတွေက လေးမျိုးကွဲသွားလို့ သတိပဋ္ဌာန် လေးပါးလို့ ဖြစ်လာတယ်။ ရုပ်ခန္ဓာ ရုပ်ဓာတ်တွေ စုပေါင်းထားတဲ့ ကာယ အရှုခံအာရုံ။ စိတ်နဲ့ အမြဲယှဉ်ပြီး အာရုံရဲ့ အရသာကို ကောင်းကောင်းဆိုးဆိုး ခံစားတတ်တဲ့ ဝေဒနာ အရှုခံအာရုံ။ အာရုံနဲ့ ဆုံတိုင်း ဆုံတိုင်း အာရုံကို သိနေတဲ့ စိတ်အရှုခံ အာရုံ။ ရုပ်ဓာတ်၊ နာမ်ဓာတ်တို့ရဲ့ သဘောတရား ဓမ္မ အရှုခံအာရုံလို့ (၄)မျိုး ရှိတယ်။ ကာယာနုပဿနာ သတိပဋ္ဌာန်၊ ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်လို့ ခေါ်ပါတယ်။ ကာယဆိုတာက ရုပ်ဓာတ်၊ ရုပ်ကလာပ်တွေ ပေါင်းစပ်ဖွဲ့စည်းနေတဲ့ သဘောမို့ ရုပ်တရားလို့ ခေါ်နိုင်ပါတယ်။ ဝေဒနာဆိုတာက စိတ်နဲ့ အမြဲယှဉ်တွဲနေတဲ့ ခံစားမှု နာမ်တရား ဖြစ်တယ်။ အာရုံကို သိတတ်၊ ညွှတတ်တဲ့ စိတ်ကလည်း နာမ်တရား။ သဘောတရားမျှသာရှိတဲ့ ဓမ္မ ဆိုတာကလည်း နာမ်တရား။ သဘောတရားမျှသာရှိတဲ့ ဓမ္မ ဆိုတာကလည်း ရုပ်ဓမ္မ၊ နာမ်ဓမ္မ၊ ရုပ်တရား၊ နာမ်တရား ရယ်လို့ သဘောတူရာ တူရာ ခွဲခြားနိုင်ပြန်တော့ အရှုခံ အာရုံတွေဟာ ရုပ်အာရုံပဲ ရှိပါတယ်။ တရားအားထုတ်တဲ့ ယောဂီပဲဖြစ်ဖြစ်၊ အားမထုတ်တတ်တဲ့သူပဲ ဖြစ်ဖြစ်၊ ရုပ်တရား၊ နာမ်တရားတို့နဲ့ ဖွဲ့စည်းထားတာပါ။ ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်ဆိုတာတွေဟာ အခေါ်အဝေါ် သတ်မှတ်ချက်တွေပါ။ တကယ်ရှိတာက ရုပ်တရား၊ နာမ်တရားပဲ ရှိပါတယ်။ ရုပ်သဘောက ကိုယ်ကောင်ကြီး တစ်ခုလုံးနဲ့စပ်ပြီး၊ အမျိုးမျိုး ဖောက်ပြန် ပြောင်းလဲနေကြပါတယ်။ ကိုယ်မှာ ဖြစ်ပေါ်တတ်တဲ့ ပူမှု၊ အေးမှု၊ နာမှု၊ ကျင်မှု၊ တိုးမှု၊ လှုပ်မှု၊ ငြိမ်မှု၊ ထိမှု၊ မာမှု၊ ပျော့မှု စတာတွေဟာ ရုပ်သဘောတွေပါပဲ။ နာမ်သဘောက စိတ်၊ စိတ်နဲ့ စပ်ပြီး အာရုံကို သိတတ်၊ ညွတ်တတ်၊ ရောက်တတ်တဲ့ သဘော။ စိတ်မှာ ဖြစ်တဲ့ လိုချင်မှု၊ ခွင့်လွှတ်မှု၊ သဘောကျမှု၊ သဘောမကျမှု၊ အိပ်ချင်ငိုင်မြည်းမှု၊ အမြင်မှားမှု စတဲ့ သဘောတွေဟာ နာမ်တရား သဘောတွေပေါ့။ ရုပ်နာမ်ဆိုတဲ့ ဒီသဘော (၂)မျိုးသာ မိမိမှာ ရှိတာကို ကွဲကွဲပြားပြား သိရအောင်လို့ ဒီလို စိတ်ကူးဥာဏ်နဲ့ သဘောမှန် သိအောင် ခွဲခြားကြည့်ရအောင်။ မိမိခေါ်တဲ့ လူအစစ်ရယ်၊ မိမိနဲ့ ခွဲမရအောင်တူတဲ့ မြေဖြူ ပလပ်စမာနဲ့ ထုလုပ်ထားတဲ့ ပုံစံတူ ရုပ်အတုရယ်လို့ (၂)မျိုး ထိုင်နေတဲ့ ပုံစံနဲ့ ရှိတယ်ဆိုပါစို့။ တခြားတစ်ယောက်က ခြောက်ပေါင်လေးတဲ့ သံတူနဲ့ နှစ်ယောက်လုံးရဲ့ ခေါင်းကို ထုခွဲလိုက်ရင် ဘယ်သူကွဲပြီး၊ ဘယ်သူသိမလဲ။ အတုရော အစစ်ပါ ကွဲပြီး၊ ကွဲတာကို လူအစစ်ကသိတယ်။ ဓားတစ်လက်နဲ့ လက်ကို ခုတ်ဖြတ်လိုက်ရင် အတုရော အစစ်ရော ပြတ်ပြီး၊ ပြတ်တာကို လူအစစ်က သိတယ်။ ခြေမ တစ်ချောင်းကို ထုခြေလိုက်ရင် အတုရော အစစ်ပါကွဲတယ်၊ ကြေတယ်၊ ပဲ့တယ်၊ နာတယ်၊ ပွန်းတယ်။ ကွဲတာ၊ ကြေတာ၊ ပဲ့တာ၊ နာတာ၊ ပွန်းတာကိုတော့ လူအစစ်ကသာ သိနိုင်တယ်။ မီးနဲ့ တိုက်ပြီး ရှို့ရင်လည်း အတုရော အစစ်ပါ မီးလောင်လို့ ပူပြီး ပူတာကိုတော့ လူအစစ်ကသာ သိပါတယ်။ ကွဲသဘောနဲ့ ကွဲသဘောကို သိမှု။ ပြတ်သဘောနဲ့ ပြတ်သဘောကို သိမှု။ ပဲ့သဘောနဲ့ ပဲ့သဘောကို သိမှု။ နာသဘောနဲ့ နာသဘောကို သိမှု။ ပွန်းသဘောနဲ့ ပွန်းသဘောကို သိမှု။ ပူသဘောနဲ့ပူသဘောကို သိမှုလို့ ခွဲခြားနားလည်နိုင်ပါတယ်။ ကွဲတယ်၊ ပြတ်တယ်၊ ပဲ့တယ်၊ နာတယ်၊ ပွန်းတယ်၊ ပူတယ် ဆိုတဲ့ သဘောတွေဟာ ကိုယ်ကောင်ကြီးနဲ့ စပ်ပြီးတော့ဖြစ်တဲ့ ဖောက်ပြန်ပြောင်းလဲမှု သဘောပါ။ ပါဠိလို ရူပံ၊ မြန်မာလို ဖောက်ပြန်ပြောင်းလဲမှု ရုပ်တရားပေါ့။ ကိုယ်နဲ့ စပ်ပြီး ဖြစ်ပေါ်နေတဲ့ ရုပ်သဘောအတိုင်းကို သိ၊သိ နေတတ်တဲ့ စိတ်၊ နောက်ပြီး စဉ်းစားစရာ အာရုံတိုင်းကို စဉ်းစား နေတတ်တဲ့ စိတ်၊ နောက်ပြီး စဉ်းစားစရာ အာရုံတိုင်းကို စဉ်းစား နေတတ်တဲ့ စိတ်၊ အာရုံကို ပြုတတ်၊ ညွှတ်တတ်၊ သိတတ်တဲ့ စိတ်ကို ပါဠိလို နာမံ၊ မြန်မာလိုတော့ နာမ်တရားလို့ ခေါ်တယ်။ သတိကပ်ပြီး ဒီရုပ်၊ ဒီနာမ်တရားတွေကို ရုပ် နာမ် ရယ်လို့ သိသိနေတာကို အနုပဿနာ သတိပဋ္ဌာန်ဖြစ်တယ်လို့ ခေါ်တယ်။ ရုပ်၊ ရုပ်၊ နာမ်၊ နာမ်ရယ်လို့ နှုတ်က ဆိုရတာမဟုတ်။ စိတ်က ရွတ်ရတာ မဟုတ်ဘူး။ ဖောက်ပြန်တတ်တဲ့ သဘော။ သိတတ်၊ ညွှတ်တတ်တဲ့ သဘောလို့ နားလည်အသိရှိနေရင် အနုပဿနာ သတိပဋ္ဌာန် ဖြစ်ပါတယ်။ အနု ဆိုတာ ထပ်ခါထပ်ခါ အားထုတ်မှု (၀ီရိယ)၊ ပဿနာဆိုတာ မြင်အောင် ကြည့်နေတတ်တဲ့ အသိဥာဏ်(ပညာ)၊ သတိပဋ္ဌာန် ဆိုတာ အမှတ်ရမှု၊ အမှတ်ရှိမှု(သတိ)ကို ခေါ်ပါတယ်။ ဒါကြောင့် အရှုခံ ဖြစ်တဲ့ အာရုံရုပ်တရား၊ နာမ်တရားကို သတိ၊ ၀ီရိယ၊ ပညာနဲ့ သဘောအမှန်အတိုင်း သိအောင် ထပ်ခါထပ်ခါ အမှတ်တရ ရှုကြည့်နေခြင်းကို အနုပဿနာ သတိပဋ္ဌာန်လို့ ခေါ်ပါတယ်။ သတိပဋ္ဌာန်တရား အားထုတ်နေခြင်းပဲ ဖြစ်ပါတယ်။
ဘ၀သစ္စာ အဖြေရှာကဏ္ဍ (၆)
ဖြေ - နိဗ္ဗာန်ရဖို့ သတိပဋ္ဌန်တရား အားထုတ်ရတာ လွယ်ပါတယ် လို့ဖြေရင် နိဗ္ဗာန်၊ နိဗ္ဗာန်နဲ့စပ်တဲ့ တရားတွေကို ပေါ့ပေါ့ဆဆ ဂရုမစိုက်ဘဲ ဖြေလိုက်သလို ဖြစ်လို့ တရားတော်ကို မလေးစားရာ၊ ဂါရ၀ မရှိရာ ရောက်သွားနိုင်ပါတယ်။ ဒါဖြင့် ဘယ်လွယ်ပါ့မလဲ၊ မလွယ်ကူဘူး လို့ဖြေရင်လည်း နိဗ္ဗာန်ချမ်းသာကို လိုလားကြတဲ့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေရဲ့ သဒ္ဓါ၊ ဆန္ဒ၊ ၀ရိယတွေကို လျော့နည်းသွားစေတတ်လို့ ဒီလိုလည်း မဖြေသင့်ပါဘူး။ ထမင်းအိုးတည်တာနဲ့ လေယာဉ်ပျံမောင်းတာ ဘယ်ဟာ လွယ်သလဲမေးရင် ထမင်းအိုးတည်တာ လွယ်ပါတယ်လို့ လွှတ်ခနဲ ဖြေကြမှာပါ။ ထမင်းအိုးတည်တတ်ပေမယ့် လေယာဉ်မမောင်းတတ်၊ လေယာဉ်မောင်းတတ်ပေမယ့် ထမင်းအိုးမတည်တတ်၊ နှစ်မျိုးလုံး လုပ်တတ်၊ နှစ်မျိုးလုံး မလုပ်တတ်တဲ့ သူတွေလည်း ရှိပါတယ်။ တကယ်တမ်းကျတော့ ထမင်းအိုး တည်တာပဲဖြစ်ဖြစ်၊ လေယာဉ်မောင်းတာပဲ ဖြစ်ဖြစ်၊ ဘယ်အလုပ်ဖြစ်ဖြစ်၊ လုပ်ချင်စိတ်ရယ်၊ လုပ်တတ်တာရယ်။ လုပ်နေကျရယ် (၃)မျိုးစုံရင် လွယ်တယ်။ မစုံရင် မလွယ်ဘူး။ နိဗ္ဗာန်ရဖို့ သတိပဋ္ဌာန် အလုပ်လည်း ဒီအတိုင်းပါပဲ။ လုပ်ချင်တဲ့ စိတ်ဆန္ဒရယ်၊ လုပ်တတ်တဲ့ အသိဥာဏ်ရယ်၊ လုပ်နေကျ ၀ီရိယရယ် ဒီသုံးမျိုးပြည့်စုံရင် လွယ်တယ်။ ဒီသုံးမျိုး မပြည့်စုံရင် မလွယ်ဘူး။ စိတ္တ၊ ဆန္ဒ၊ ၀ီမံသ၊ ၀ီရိယ ဆိုတဲ့ သတ္တိတွေ အားကောင်းဖို့ အရေးကြီးတာပါပဲ။ နိဗ္ဗာန်ရဖို့ သတိပဋ္ဌာန်တရား အားထုတ်တယ်ဆိုတာ ဘာဝနာ ကုသိုလ်ပါ။ စိုးရိမ်သောကကို ပျောက်စေတယ်။ ငိုကြွေးမှုကင်းတယ်။ ကိုယ်ဆင်းရဲ ဒုက္ခလည်း ပျောက်တယ်။ စိတ်ဆင်းရဲလည်း မဖြစ်တော့ဘူး။ စိတ်စင်ကြယ်တယ်။ အရိယာမဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ကို ရနိုင်တယ်။ နိဗ္ဗာန်ကို ရနိုင်၊ ရောက်နိုင်၊ မျက်မှောက်ပြုနိုင်တယ်။ ဒီအကျိုးတွေကို သတိပဋ္ဌာန် အားထုတ်မှု၊ ဘာဝနာကုသိုလ်က ပေးတာပါ။ ဘာဝနာကုသိုလ်ဆိုတာ စိတ်အလုပ် လုပ်ရတာပါ။ ကုသိုလ်တရားတွေ မိမိစိတ်မှာ ဆထက်တပိုး တိုးပွားအောင် ကြိုးစားနေရတယ်။ မကောင်းတဲ့ အပြစ်ဖြစ်တဲ့ ကိလေသာ နီဝရဏတွေကို ဖယ်ရှားပစ်နေတဲ့ အလုပ်ကို ဘာဝနာလို့ ခေါ်ပါတယ်။ စိတ်အလုပ်ကို လုပ်တယ်ဆိုတော့ နိဗ္ဗာန်ကို လိုချင်တဲ့ စိတ်ဆန္ဒ ရှိရမယ်။ နိဗ္ဗာန်ကို ရောက်စေနိုင်တဲ့ သတိပဋ္ဌာန်၊ မဂ္ဂင်တရား အလုပ်ကို လုပ်တတ်ရမယ်။ လုပ်လည်းလုပ်နေကျ ဖြစ်ရတယ်။ အဲဒီလိုဆိုရင် နိဗ္ဗာန်ကိုရဖို့ သေချာသွားတယ်။ လွယ်ကူသွားပါတယ်။
More Articles...
Page 1 of 3












